အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာ‌တော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနား ကျင်းပ
ရန်ကုန် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု သက်တော်ရှည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာ‌တော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသမထေရ်မြတ်၏ သက်တော် ၈၇ နှစ်ပြည့် မွေးနေ့ကုသိုလ်တော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွာမပရိယတ္တိစာသင်တိုက်ရှိ စိန်ရတုသာသနာဝင် လေးထပ်ကျောင်းဆောင်တော်ကြီး(အောက်ထပ်)တွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရ နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် တေးသံရှင်မေသဇင်နှင့် ဂီတမှူးကိုဟိန်းတို့က ထူးမခြားနား ရောင်တော်ဖွင့်သီချင်းဖြင့် ပူဇော်ကာ အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိပိဋကပါဠိပါရဂူ၊ ရွှေရတုတိပိဋကဓရ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ ပရိသတ်များက သီလခံယူဆောက်တည်ကြသည်။
ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီး၏ သက်တော် ၈၇ နှစ်ပြည့် ဝိဇာတမင်္ဂလာသို့ အရှင်ဝရုဏာလင်္ကာရာဘိဝံသ (အမရပူရမဟာဂန္ဓာရုံ) ရေးသားပူဇော်အပ်သော ဂုဏပူဇာတေးထပ်ကို ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရ နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် တေးသံရှင် မေသဇင်နှင့် ဂီတမှူး ကိုဟိန်းနှင့်အတူ တွဲဖက်၍ ပူဇော်ကြပြီး အလှူရှင်များက မွေးနေ့ရှင် ဆရာတော်ကြီးနှင့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကြကာ အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီး၏ထံမှ ပရိသတ်များက ဩဝါဒတရားနာကြားသည်။
ဆက်လက်၍ မွေးနေ့ရှင်ဆရာတော်ဘုရားကြီးက စာသင်တိုက်ရှိ ရှင်သာမဏေများအား ပညာရည်ချွန် အထူးဆုများချီးမြှင့်ပြီး အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီး၏ သက်တော် ၈၇ နှစ်ပြည့် ဝိဇာတမင်္ဂလာသို့ အရှင်ဝရုဏာလင်္ကာရာဘိဝံသ (အမရပူရမဟာဂန္ဓာရုံ) ရေးသားပူဇော်အပ်သော ၂၇-ပဒစီအချီအချညီ မင်္ဂလာရတုပိုဒ်စုံကို ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရ နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် တေးသံရှင်မေသဇင်နှင့် ဂီတမှူးကိုဟိန်းနှင့်အတူ တွဲဖက်၍ပူဇော်ကြသည်။
ယင်းနောက် မဇ္ဈိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်များက အနုမောဒနာတရားနာကြား၍ အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးက မွေးနေ့နှင့် ဆက်စပ်သမျှပြုခဲ့သော ကုသိုလ်တို့၏ အဖို့ဘာဂကို ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
.

By admin

CheifEditor LuhtuhittineNewsAgenvy.

Leave a Reply

Your email address will not be published. Required fields are marked *