


.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတအသစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ
(၁၀-၄-၂၀၂၆ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သမ္မတအသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ အစိုးရများ၏ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် သံအမတ်ကြီးများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် (သောကြာနေ့) (၂၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် သမ္မတအသစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ၎င်းတို့အား စေလွှတ်သည့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် လွတ်လပ်ပြီး တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို လေးစားလိုက်နာပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ညစာစားပွဲ အခမ်းအနားသို့ ရုရှားဒူးမား(အောက်လွှတ်တော်) ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL၊ ကမ္ဘောဒီးယား တော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita Cham Prasidh၊ နီကာရာဂွာ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Ludwing Jaentschke Whitaker ၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh လာအိုဝန်ကြီးချုပ်၏ အထူး ကိုယ်စားလှယ် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း H.E. Mr. Alounkeo KITTIKHOUN၊ ဂျပန်-မြန်မာအသင်း ဒုတိယ ဥက္ကဋ္ဌ Mr. Yusuke WATANAB တို့ အပါအဝင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ဂျပန်၊ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘရာဇီး၊ နီကာရာဂွာ၊ ယူအေအီး၊ ဟိုလီဆီး စသည့်နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ညစာစားပွဲ တည်ခင်းဧည့်ခံနေစဉ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက မြန်မာ့ရိုးရာ တေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရှိရပါသည်။
MOFA
AungMyat
.
